International News

၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ ယခင်ရင်းနှီးမြှုပ်နှံမှုစီးဝင်မြဲနိုင်ငံများမှ အရင်းအနှီးစီးဝင်မှု ကျဆင်းလာ

Last Updated:

၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)စီးဝင်မှု ကျဆင်းလာကြောင်းနှင့် ယခင်ကတည်းက ရင်းနှီး မြှုပ်နှံမှုစီးဝင်မြဲနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ Mauritius၊ နယ်သာလန်နှင့် Cayman ကျွန်းစုတို့မှ အရင်းအနှီးစီးဝင်မှုများ သိသိသာသာလျော့ကျကာ စင်ကာပူနှင့် UAE နိုင်ငံတို့မှ အရင်းအနှီးစီးဝင်မှုသိသိသာသာမြင့်တက်လာကြောင်း တရားဝင်စာရင်းများအရ သိရသည်။

ယခင်ဘဏ္ဍာနှစ်နှင့် လက်ရှိဘဏ္ဍာနှစ်နှိုင်းယှဉ်ကြည့်လျှင် အိန္ဒိယနိုင်ငံသို့ FDI စီးဝင်မှုများမှာ Mauritius ကျွန်းနိုင်ငံမှ ရူပီး ၆၉၉,၄၅၀ သန်း(အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံခန့်)မှ ရူပီး ၄၈,၈၉၅၀ သန်း(အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်)သို့လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုမှ ရူပီး ၇၈၅,၂၇၀ သန်း(အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံခန့်) မှ ရူပီး ၄၈,၆၆၆၀ သန်း(အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံခန့်)သို့လည်းကောင်း၊ နယ်သာလန်နိုင်ငံမှ ရူပီး ၃၄၄,၄၂၀ သန်း(အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံခန့်) မှ ရူပီး ၁၉၈,၅၅၀ သန်း(အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလီယံခန့်) သို့လည်းကောင်း၊ Cayman ကျွန်းစုမှ ရူပီး ၂၈၃,၈၃၀ သန်း(အမေရိကန်ဒေါ် လာ ၃.၄၆ ဘီလီယံခန့်) မှ ရူပီး ၆၀,၆၉၀ သန်း (အမေရိကန်ဒေါ်လာ ၇၄၀ သန်းခန့်) သို့လည်းကောင်း နိုင်ငံအလိုက် FDI စီးဝင်မှု အသီးသီးကျဆင်းသွားခဲ့ကြောင်း သိရသည်။

ဇယား-၁။     အိန္ဒိယနိုင်ငံသို့ FDI စီးဝင်မှု ယခင်ဘဏ္ဍာနှစ်နှင့်လက်ရှိဘဏ္ဍာနှစ် နှိုင်းယှဉ်အခြေပြဇယား

                                                                                       အမေရိကန်ဒေါ်လာသန်း

နိုင်ငံအမည်

၂၀၂၃ ဘဏ္ဍာနှစ်

၂၀၂၂ ဘဏ္ဍာနှစ်

တိုး/လျှော့

Mauritius ကျွန်းနိုင်ငံ

၅၉၆၂.၈၀

၈၅၂၉.၈၈

-2567.08 (-30.1%)

အမေရိကန်ပြည်ထောင်စု

၅၉၃၄.၈၈

၉၅၇၆.၄၆

-3641.58 (-38%)

နယ်သာလန်နိုင်ငံ

၂၄၂၁.၃၄

၄၂၀၀.၂၄

-1778.90 (-42.4%)

Cayman ကျွန်းစု

၇၄၀.၁၂

၂၈၅၂.၅၉

-2112.47 (-74.1%)

စုစုပေါင်း

၁၅၀၅၉.၁၄

၂၅၁၅၉.၁၇

-10100.03(-40.1%)

ဇစ်မြစ်။ www.livemint.com ၊ မှတ်ချက်။ ၁ ဒေါ်လာ = ၈၂ ရူပီးနှုန်းဖြင့် တွက်ချက်သည်။

တစ်ဖက်တွင် ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အရင်းအနှီးစီးဝင်မှုမှာ စင်ကာပူနိုင်ငံမှ ရူပီး ၁.၁၈ ထရီ လီယံ(အမေရိကန်ဒေါ်လာ ၁၄.၄ ဘီလီယံခန့်) မှ ရူပီး ၁.၃၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆.၇ ဘီလီယံခန့်) သို့လည်းကောင်း၊ UAE မှ ရူပီး ၇၆,၉၉၀ သန်း (အမေရိကန်ဒေါ်လာ ၉၃၉ သန်းခန့်)မှ ရူပီး ၂၆၃,၁၅၀ သန်း (အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံခန့်) သို့လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။

ဇယား-၂။      ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ FDI စီးဝင်မှုအခြေပြဇယား

                                                                                       အမေရိကန်ဒေါ်လာသန်း

နိုင်ငံအမည်

ယခု

ယခင်

တိုး/လျှော့

စင်ကာပူနိုင်ငံ

16,707.32

14,390.24

2317.08 (16.1%)

UAE

3,209.15

938.90

2270.25 (241.8%)

စုစုပေါင်း

၁၉၉၁၆.၄၇

၁၅၃၂၉.၁၄

4587.33 (29.9၃%)

ဇစ်မြစ်။ www.livemint.com ၊ မှတ်ချက်။ ၁ ဒေါ်လာ = ၈၂ ရူပီး နှုန်းဖြင့်တွက်ချက်သည်။

သို့သော် အိန္ဒိယနိုင်ငံသို့ FDI စီးဝင်မှုစုစုပေါင်းပမာဏမှာ ယခင်၂၀၂၂ ဘဏ္ဍာနှစ်က ရူပီး ၄.၃၇ ထရီလီယံရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ၁၆ ရာခိုင်နှုန်း၊ ရူပီး ၃.၆၇ ထရီလီယံသို့ ကျဆင်းသွားခဲ့သည်။ သို့သော် ယင်းကဲ့သို့နိုင်ငံအတွင်းသို့ FDI စီးဝင်မှုကျဆင်းရခြင်းမှာ နိုင်ငံတိုင်း၌ စီးပွားရေးတိုးတက်မှုနှေးကွေးလျက်ရှိသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ FDI စီးဆင်းမှုများ နှေးကွေးရခြင်းကြောင့်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံ၏စီးပွားရေးတိုးတက်မှုမှာ အခြားတိုင်းပြည်များနှင့်နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်သည့်အနေ အထား၌ရှိသည့်အတွက် FDI များကို ပိုမိုဆွဲဆောင်သွားနိုင်မည်ဖြစ်ကြောင်း CRISIL မှ အကြီးတန်းဘောဂဗေဒပညာရှင် D.K. Joshi က ပြောကြားခဲ့သည်။

အခွန်ကင်းလွတ်သက်သာခွင့်ရသော Mauritius၊ ဆိုက်ပရပ်၊ Cayman ကျွန်းစုနှင့် စင်ကာပူနိုင်ငံတို့မှ အများအပြားဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုများသည် အမှန်တကယ်မည်သည့်နေရာမှ စီးဝင်လာသည်ကို ခန့်မှန်းသိရှိရန်မလွယ်ကူကြောင်း ကျွမ်းကျင်သူအချို့က ထောက်ပြဝေဖန်ခဲ့ကြသည်။ အိန္ဒိယအစိုးအနေဖြင့်လည်း အဆိုပါကိစ္စကို ကိုင်တွယ်ထိန်းသိမ်းနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အမိန့်နှင့်စည်းမျဉ်း ဥပဒေများ သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း FDI အဓိကစီးဝင်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှာ ကွန်ပြူတာအမာထည်နှင့် အပျော့ထည်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်ရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကဏ္ဍ၊ ဓါတုပစ္စည်း၊ မော်တော်ကားနှင့် ဆောက်လုပ်ရေး/အခြေခံအဆောက်အအုံကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။ ပြည်နယ်အလိုက်ကြည့်မည်ဆိုလျှင် Maharashtra ပြည်နယ်က FDI အများဆုံး ဆွဲဆောင်နိုင်သည့်ပြည်နယ်ဖြစ်ပြီး၊ ၎င်း၏နောက်တွင် Karnataka၊ Gujarat၊ Delhi၊ Tamil Nadu၊ Haryana၊ Telangana၊ Jharkhand၊ Rajasthan နှင့် West Bengal တို့က အစဉ်လိုက်ရပ်တည်လျက်ရှိကြောင်း သိရသည်။

ရည်ညွှန်း။ www.livemint.com

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

Category: International News